15 March 2008

RIGHT WAY

“မင်းအပေါ်မှာ မူတည်တယ်”
ဖိုးလမင်း


သူငယ်ချင်းတို့ရေ...

ငါ အိပ်မက်တစ်ခု မက်ဖူးတယ်
သိပ်ကြောက်စရာ ကောင်းတယ်
သိပ်မွန်းကြပ်တယ်
မင်းလည်း ငမွဲ
ငါလည်း ငတေ
ဘာမှ မတတ်တဲ့
အတ္တသမား
အစိမ်းဝမ်းဆက်တွေ
၁၀၉/၁၁၀
အဖြူအစိမ်းတွေ
ဗမာစကားတောင် မတတ်တဲ့
လူမျိုးခြားတွေကို
လက်အုပ်ချီ နေရတယ်
ဘုရားထူးနေရတယ်
အားပါးပါး...ဆိုးလိုက်တဲ့ ဘဝ
ပြီးတော့ ရှိသေးတယ်
ကကြိုးတန်ဆာ အစုံအလင်နဲ့
နိုင်ငံတော်သမ္မတကြီးကို
စစ်ဦးစီးချုပ်က
ဇက်ကြိုးဆွဲလိုက်
ကြိမ်နဲ့တို့လိုက်နဲ့
မြို့ထဲမှာ လမ်းသလားနေတယ်
သာကောတို့ တစ်သိုက်က
လက်ခုပ်တီးပြီး အားပေးနေကြတယ်
ချွေးတွေ ရွဲနစ်ပြီး
ငါ လန့်နိုးလာတယ်
ထိုခေတ်ကား
စစ်တပ်၏ စည်းကမ်းပြည့်ဝသော
အဆိပ်သုတ် ဒီမိုကရေစီ ခေတ်တည်း...

သူငယ်ချင်းရေ...

ငါ အိပ်မက်တစ်ခု မက်ဖူးတယ်
အသက်ရှုရတာ သိပ်လွတ်လပ်တယ်
သိပ်လည်း သာယာတာပဲ...
ပြည်သူတွေလည်း တပြုံးပြုံးနဲ့
ရိုးသားကြတယ်
ကြိုးစားကြတယ်
မျှော်လင့်ချက်တွေ ရှိလာတယ်
စိတ်ထားမှန်ကန်သူတိုင်း
ထိုက်တန်တဲ့ နေရာ ရတယ်
တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံး
“ယောက်ဖရေ” အပြန်အလှန်ခေါ်ပြီး
ပီတိဖြစ်နေကြတယ်
တောခိုတာ မရှိ
လက်နက်ကိုင် အဖွဲ့အစည်း နတ္ထိ
သတင်းစာထဲမှာ အောက်ကလို သတင်းမျိုးတွေ
တွေ့လာရတယ်
“ရပ်ကွက် ဥက္ကဌ ဦးဖွတ်ကျားအား
လက်ဖက်ရည်ဖိုး နှစ်ကျပ်ခွဲ တောင်းခံသဖြင့်
ရာထူးမှ ဖြုတ်ချလိုက်သည်” တဲ့
ကဲ...ကြည့်စမ်းပါ
အဲဒါ အမေ ပြောပြောနေတဲ့
ပြည်သူတို့၏
အနေမှန်သူတို့၏
ဘုစုခရုမှ အစ
ဘိုးဘိုး၊ ဘွားဘွားတို့၏
ရွှေအိုရောင်
ဒီမိုကရေစီခေတ် မဟုတ်ဘူးလား
ငါ့မှာ မနက်ခင်းလင်းလို့
အဲဒီ အိပ်မက်က နိုးထလာရမှာကိုတောင်
စိုးရိမ်နေမိသေးတယ်...

သူငယ်ချင်းရေ...

အိပ်မက်ကလေးတစ်ခုတောင်မှ
နိုးလာတဲ့ အထိ လွှမ်းမိုးမှု ရှိတတ်သေးတာ
တကယ်သာ ဖြစ်ရင်...! ?
မင်းလည်း ရိုးသားတဲ့သူတစ်ယောက်
မင်းလည်း ပြတ်သားတဲ့သူတစ်ယောက်
အဲဒီတော့...
သိက္ခာတရားကို ကုတင်အောက်ထိုး
ယုံကြည်မှုကို အမှိုက်ခြင်းထဲစွန့်ပစ်
အိပ်ကပ်ထဲမှာ မောဟတွေ အပြည့်နဲ့
အင်္ကျီဖြူ၊ လုံချည်စိမ်းကို
ဗီရိုထဲမှာ အသည်းအသန်ရှာနေမယ်လို့တော့
မင်းကိုငါ မထင်လိုက်ပါရစေနဲ့ကွာ

သူငယ်ချင်းရေ...

မင်းလာခဲ့ပါလား
ငါတို့အတူတူ
ဒီမိုကရေစီ နှစ်ရှည်ပင်ကြီးတွေ
စိုက်ကြရအောင်လေ
“အခု ချက်ချင်းစားလို့ ရမှာလား” လို့တော့
မမေးပါနဲ့ကွာ...

သတိရခြင်းများစွာဖြင့်-
ဖိုးလမင်း

စာကြွင်း။ ။သူငယ်ချင်း
မင်းရဲ့ ကိုယ်တိုင်းလေး ပို့လိုက်ပါဦး
ပင်နီတိုက်ပုံလေး တစ်ထည်လောက်
မင်းအတွက် ငါတို့ စီစဉ်ထားချင်လို့ပါ...

No comments: